ဟင်္သာတတက္ကသိုလ် ပဋိညာဥ်စာတမ်း
(က) တက္ကသိုလ် တည်ထောင်ခြင်း (Foundation)
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်သော အသိပညာရှင် အတတ်ပညာရှင်များ မွေးထုတ်ပေးနိုင်သည့် တက္ကသိုလ်တစ်ခု ပေါ်ပေါက်လာစေရန် မျှော်မှန်းပြီး ဟင်္သာတမြို့၌ ဧရာဝတီတိုင်း အမှတ်(၂)ဒေသကောလိပ်ကို ၁၉၇၈ ခုနှစ် ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ (၁.၄.၁၉၈၀) ရက်နေ့တွင် ဟင်္သာတကောလိပ်၊ (၂၀.၂.၂၀၀၁) ရက်နေ့တွင် ဟင်္သာတဒီဂရီကောလိပ်၊ (၂၈.၉.၂၀၀၁) ရက်နေ့တွင် ဟင်္သာတတက္ကသိုလ်အဖြစ် အဆင့်ဆင့် တိုးမြှင့်ဖွင့်လှစ်ခဲ့ပါသည်။
(ခ) အမည် (Name)
ဤတက္ကသိုလ်ကို ဟင်္သာတတက္ကသိုလ်ဟု အမည်ခေါ်တွင်စေရမည်။ တက္ကသိုလ်၏ မူပိုင်တံဆိပ်နှင့် တက္ကသိုလ်ဆောင်ပုဒ်ကို “ပညာခေတ်ဖြင့် မျိုးဂုဏ်မြှင့်” ဟုသတ်မှတ်သည်။
(ဂ) တက္ကသိုလ် တည်နေရာ
ဟင်္သာတတက္ကသိုလ်သည် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်အတွင်းရှိ ဟင်္သာတမြို့၏ အနောက်တောင်ဘက်ရှိ ရွာသာကုန်းကျေးရွာအတွင်း တည်ရှိပါသည်။ မြောက်လတ္တီကျူ့ ၁၇ ဒီဂရီ၊ ၃၈ မိနစ်၊ ၃၁ စက္ကန့် နှင့် အရှေ့လောင်ဂျီကျူ့ ၉၅ဒီဂရီ၊ ၂၆မိနစ်၊ ၁၁စက္ကန့်တွင် တည်ရှိပြီး၊ ပင်လယ်ရေမျက်နှာပြင် အထက်အမြင့်ပေ ၃၈ ပေတွင် တည်ရှိပါသည်။ တက္ကသိုလ်၏ အရှေ့ဘက်တွင် မြဝတီရပ်ကွက် နှင့် ကနောင်စုရပ်ကွက်၊ အနောက်ဘက်တွင် လယ်တီကွင်းရပ်ကွက်၊ တောင်ဘက်တွင် စစ်ကွင်းကျေးရွာ၊ မြောက်ဘက်တွင် မြဝတီရပ်ကွက် နှင့် လယ်တီကွင်းရပ်ကွက်တို့ တည်ရှိပါသည်။ မြေဧရိယာအကျယ် အဝန်းမှာ (၉၁.၄၅)ဧက ရှိပါသည်။
(ဃ) မျှော်မှန်းချက် (Vision)
သဘာဝနှင့် ဒေသန္တရအခြေအနေများအပေါ် အခြေခံ၍ နိုင်ငံတော်၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ််ပေးနိုင်သော တက္ကသိုလ်တစ်ခု ပေါ်ပေါက် လာစေရန် မျှော်မှန်းသည်။
(င) လုပ်ငန်းတာဝန် (Mission)
(၁) အရည်အသွေးပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးရန်။
(၂) ဒေသအကျိုးပြု၊ ဘာသာရပ်အကျိုးပြု၊ နိုင်ငံအကျိုးပြုသုတေသနများကို စဥ်ဆက်မပြတ် ဆောင်ရွက်ရန်။
(၃) စီးပွားရေးပညာ နှင့် ဥပဒေပညာ ဘာသာရပ်ဌာနများ တိုးချဲ့ဖွင့်လှစ်ရန်။
(၄) ဆရာ၊ ဆရာမများ စွမ်းရည်မြင့်မားရေးအတွက် နိုင်ငံတကာတက္ကသိုလ်များ၊ သုတေသန အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ပညာတော်သင်များ စေလွှတ်ခြင်းနှင့် နိုင်ငံခြားမှပညာရှင်များ ဖိတ်ခေါ်ခြင်းများ ဆောင်ရွက်ရန်။
(၅) ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေး၊ ကျန်းမာရေး၊ အားကစားဖွံ့ဖြိုးတိုးတက်ရေး နှင့် ပရဟိတစိတ်ဓာတ်များ၊ နိုင်ငံချစ်စိတ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ရန်။
(စ) ရည်ရွယ်ချက်/ရည်မှန်းချက် (Objects)
ဤတက္ကသိုလ်သည် သင်ကြားရေးနှင့်စာမေးပွဲဆိုင်ရာလုပ်ငန်းများအပြင် သုတေသနလုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံတကာနှင့် ချိတ်ဆက်၍ ခေတ်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်မည့် တက္ကသိုလ်တစ်ခု ဖြစ်ပေါ်စေရေးအတွက် ရည်ရွယ်သည်။
(ဆ) တက္ကသိုလ်အဖွဲ့နှင့် တရားဝင်ရပ်တည်မှု (Corporate Body)
ဤပဋိညာဥ်စာတမ်းနှင့် အဆင့်မြင့်ပညာရေးဥပဒေအရ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ မဟာဌာနမှူးများ၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ကျောင်းအုပ်ကြီးများ၊ လက်ရှိသင်ကြားရေး ဝန်ထမ်းများနှင့် စီမံခန့်ခွဲရေးဝန်ထမ်းများသည် တက္ကသိုလ်၏အဖွဲ့ဝင်များဖြစ်ရမည်။
ဤတက္ကသိုလ်အဖွဲ့သည် တက္ကသိုလ်နှင့်ပတ်သက်သည့် ကိစ္စအဝဝကို တက္ကသိုလ်ကောင်စီ၏ လမ်းညွှန်မှုကိုခံယူပြီး ဆောင်ရွက်ရမည်။
(ဇ) တက္ကသိုလ်ဖွဲ့စည်းပုံ(သင်ကြားရေးဌာန၊ စီမံခန့်ခွဲရေးဌာန)
(၁) သင်ကြားရေးဌာနများ
– Faculties
Faculty of Arts, Faculty of Social Science and Faculty of Science ဟူ၍
မဟာဌာနကြီး(Faculty) ၃-ခုဖြင့် ဖွဲ့စည်းထားရှိမည်။
Faculty of Arts တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ အရှေ့တိုင်းပညာ
Faculty of Social Science တွင် ပထဝီဝင်၊ သမိုင်း၊ ဒဿနိကဗေဒတို့ပါဝင်မည်ဖြစ်ပြီး
Faculty of Science တွင် ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒ နှင့် ဘူမိဗေဒဌာနတို့ ပါဝင်ပါမည်။
– Deans and Heads of Departments
သက်ဆိုင်ရာ Faculty များ၏ Dean ကို ဘာသာရပ်ဌာနမှူးများအနက် တစ်ဦးအား အများဆန္ဒ အရ မဲစနစ်ဖြင့် ပညာသင်နှစ် (၂)နှစ်တစ်ကြိမ် ရွေးကောက်တင်ြေမှာက်ရမည်။
– Departments
သင်ကြားရေးဌာနများတွင် ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ကထိက၊ လ/ထကထိက နှင့် နည်းပြ/ သရုပ်ပြများကို လိုအပ်သလို ခန့်ထားမည်။
(၂) စီမံခန့်ခွဲရေးဌာနများ
စီမံခန့်ခွဲရေးဌာနများအဖြစ် စီမံ/ဘဏ္ဍာဌာနနှင့် သင်တန်းရေးရာဌာနတို့ ထားရှိမည်ဖြစ်ပြီး ဌာနမှူးတစ်ဦးစီကို တက္ကသိုလ်ကောင်စီက ရွေးချယ်တာဝန်ပေးမည်။
ဌာနခွဲတစ်ခုတွင် ဒု-ဌာနမှူး၊ ဌာနခွဲမှူး၊ ဌာနစုမှူး၊ ရုံးအုပ်၊ ဌာနခွဲစာရေး၊ အကြီးတန်းစာရေး၊ အငယ်တန်းစာရေး ရာထူးများ ထားရှိမည်။ ကျန်အမှုထမ်းများကို လုပ်ငန်းလိုအပ်ချက်အရ ခန့်ထားမည်။
– စီမံရေးရာဌာန
စီမံရေးရာဌာနတွင် ဝန်ထမ်းရေးရာဌာန၊ နယ်မြေဌာန၊ အင်ဂျင်နီယာဌာနတို့ပါဝင်သည်။
– ဘဏ္ဍာရေးရာဌာန
ဘဏ္ဍာရေးရာဌာနတွင် စာရင်းပြု/စစ်ဌာန၊ လစာနှင့်စရိတ်ဌာန၊ ငွေကိုင်ဌာန၊ ပစ္စည်းဌာနတို့ ပါဝင်သည်။
– သင်တန်းရေးရာဌာန
သင်တန်းရေးရာဌာနတွင် ကျောင်းသားရေးရာနှင့်ကျောင်းဆောင်ဌာန၊ စာမေးပွဲနှင့်ဘွဲ့နှင်းသဘင် ဌာန၊ စာကြည့်တိုက်ဌာန၊ ရုပ်သံဌာန၊ ကွန်ပျူတာဌာန၊ အဝေးသင်ဌာန၊ အားကစားဌာန၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဌာနတို့ပါဝင်မည်။
(စျ) တက္ကသိုလ်အာဏာပိုင်အဖွဲ့များ (The Authorities)
(၁) တက္ကသိုလ်ကောင်စီ (The Council)
တက္ကသိုလ်ကောင်စီသည် ဤတက္ကသိုလ်၏ အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်း ဖြစ်သည်။ တက္ကသိုလ်၏ ပါမောက္ခချုပ် (President) သည် တက္ကသိုလ်၏ စီမံခန့်ခွဲရေးကိစ္စအဝဝကို တာဝန်ယူ ဆောင်ရွက်ရန် အောက်ပါပုဂ္ဂိုလ်များပါဝင်လျက် ၂၉ ဦးထက်မနည်း၊ ၄၅ ဦးထက်မများသော တက္ကသိုလ် ကောင်စီကို ဖွဲ့စည်းပါမည်။
(က) တက္ကသိုလ်၏ ပါမောက္ခချုပ် (President)
(ခ ) ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
(ဂ ) ဟင်္သာတမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
(ဃ) ဒုတိယပါမောက္ခချုပ် (Vice-president)/ ကျောင်းအုပ်ကြီး(Principal) (၄) ဦး
(င ) တက္ကသိုလ်ပညာရေးအဖွဲ့ အဖွဲ့ဝင် (၂ )ဦး
(စ ) တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့ အဖွဲ့ဝင် (၂ )ဦး
(ဆ) ဌာနမှူး (သင်တန်းရေးရာ)
(ဇ ) ဌာနမှူး (စီမံ/ဘဏ္ဍာ)
(စျ) ခရိုင်အုပ်ချုပ်ရေးမှူး
(ည) မြို့မိ၊ မြို့ဖ ကိုယ်စားလှယ် (၂) ဦး
(ဋ ) ဂုဏ်ထူးဆောင်ပါမောက္ခ(၂ )ဦး
(ဌ ) အငြိမ်းစားဆရာ၊ ဆရာမကြီးများ ကိုယ်စားလှယ် (၂ )ဦး
(ဍ ) မော်ကွန်းထိန်း
(ဎ ) ပညာရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ် (၂)ဦး
(ဏ) ဆရာ၊ဆရာမ ကိုယ်စားလှယ်(၂) ဦး
(တ) ကျောင်းသားဟောင်းများအသင်းမှ ကိုယ်စားလှယ် (၂)ဦး
(ထ) ကျောင်းသား ကိုယ်စားလှယ် (၂) ဦး
(ဒ ) တက္ကသိုလ်ကောင်စီအတွင်းရေးမှူး
တက္ကသိုလ်၏ မူဝါဒရေးရာနှင့် အရေးကြီးသောကိစ္စများကို တက္ကသိုလ်ကောင်စီက ကိုင်တွယ် ဖြေရှင်းမည်။ ထို့ပြင် တက္ကသိုလ်၏ ဘဏ္ဍာရေးကိစ္စများနှင့် တက္ကသိုလ်၏ စနစ်တကျရှိမှု၊ လက်တွေ့ ကိစ္စရပ်များ၊ လုပ်ငန်းဆောင်တာများကို ထိန်းချုပ်ကွပ်ကဲ ဆောင်ရွက်ခွင့်ရှိရမည်။
တက္ကသိုလ်ကောင်စီသည် လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် တက္ကသိုလ်၏ဥပဒေများ၊ စည်းမျဥ်း၊ စည်းကမ်းများနှင့်အညီ ဖြစ်စေရမည်။ ကောင်စီ၏အဖွဲ့ဝင်များရွေးချယ်ခြင်းနှင့် တာဝန်ယူသည့် ကာလကို (၃)နှစ် သတ်မှတ်သည်။ ကောင်စီ၏အတွင်းရေးမှူးကို ကိုယ်စားလှယ်များမှ ရွေးချယ်တင်မြှောက် မည်။
(၂) တက္ကသိုလ် ပညာရေးအဖွဲ့ (The Senate)
ပဋိညာဥ်စာတမ်းနှင့် တက္ကသိုလ်၏ အမိန့်အာဏာအရ ဖွဲ့စည်းထားသော တက္ကသိုလ် ပညာရေး အဖွဲ့တစ်ခုရှိရမည်။ တက္ကသိုလ်၏ပါမောက္ခချုပ်သည် တက္ကသိုလ်၏ပညာရပ်ဆိုင်ရာ သင်ကြားရေး၊ စာမေးပွဲ စစ်ဆေးရေးနှင့် သုတေသနလုပ်ငန်းများကို စည်းကမ်းတကျဖြစ်စေရေးနှင့် ကြီးကြပ်ရေးအတွက် လည်းကောင်း၊ ဘွဲ့ဒီဂရီများ၊ ဒီပလိုမာများ၊ အောင်လက်မှတ်များ အပ်နှင်းရေးအတွက်လည်းကောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ စည်းကမ်းထိန်းသိမ်းရေးအတွက်လည်းကောင်း အောက်ပါပုဂ္ဂိုလ်များ ပါဝင်လျက် (၁၈)ဦး ထက်မနည်း (၂၇) ဦးထက်မများသော တက္ကသိုလ်ပညာရေးအဖွဲ့ကို ဖွဲ့စည်းပါမည်။
(က) တက္ကသိုလ်၏ ပါမောက္ခချုပ်
(ခ ) ဒုတိယပါမောက္ခချုပ်/ကျောင်းအုပ်ကြီး (၄) ဦး
(ဂ ) မဟာဌာနမှူး (၃) ဦး
(ဃ) ဘာသာရပ်ဌာနမှူးများ
(င ) ဌာနမှူး(သင်တန်းရေးရာ)
(စ ) ဌာနမှူး (စီမံ/ဘဏ္ဍာ)
(ဆ) မော်ကွန်းထိန်း
(ဇ ) ဌာနခွဲမှူး(အဝေးသင်)
(စျ) တက္ကသိုလ်ကောင်စီအတွင်းရေးမှူး
(၃) တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့ (Administrative Body)
ဤတက္ကသိုလ်၏စီမံခန့်ခွဲရေးအဖွဲ့ဝင်များတွင် တက္ကသိုလ်အကြီးအကဲ ပါမောက္ခချုပ်အပါအဝင် တက္ကသိုလ်ကောင်စီနှင့် ပညာရေးအဖွဲ့တို့မှ အဖွဲ့ဝင်များအဖြစ် ပါဝင်ရမည်။ တက္ကသိုလ်၏ စီမံခန့်ခွဲရေး အတွက် အောက်ပါပုဂ္ဂိုလ်များပါဝင်လျက် (၉)ဦး ထက်မနည်း (၁၉) ဦးထက်မများသော တက္ကသိုလ် စီမံ ခန့်ခွဲရေးအဖွဲ့ကို ဖွဲ့စည်းပါမည်။
(က) တက္ကသိုလ်၏ ပါမောက္ခချုပ်
(ခ ) ဒုတိယပါမောက္ခချုပ်/ကျောင်းအုပ်ကြီး (၄) ဦး
(ဂ ) မဟာဌာနမှူး (၃) ဦး
(ဃ) ဘာသာရပ်ဌာနမှူး (၅)ဦး
(င ) ဌာနမှူး(သင်တန်းရေးရာ)
(စ ) ဌာနမှူး (စီမံ/ဘဏ္ဍာ)
(ဆ) ဌာနခွဲမှူး(စီမံ)
(ဇ ) တက္ကသိုလ်ကောင်စီအတွင်းရေးမှူး
(၄) တက္ကသိုလ်အာဏာပိုင်အဖွဲ့ဝင်များ၏သက်တမ်း (Term of Administrative Body Members)
တက္ကသိုလ်အာဏာပိုင်အဖွဲ့ဝင်များဖြစ်သော ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်/ကျောင်းအုပ်ကြီး များ၊ မဟာဌာနမှူးများ၊ ပါမောက္ခ(ဌာနမှူး)များ၊ စီမံခန့်ခွဲရေးဌာနများမှ ဌာနမှူးများ၏ တာဝန်ထမ်းဆောင် မှုကို ကျန်းမာရေးကောင်းမွန်ပြီး ဆက်လက်လုပ်ကိုင်လိုသောဆန္ဒရှိပါက အနည်းဆုံး အသက်(၆၅)နှစ်အထိ တာဝန် ထမ်းဆောင်နိုင်သည်။
(ည) တက္ကသိုလ်အကြီးအကဲ (Chancellor/ President/ Rector/ Principal)
တက္ကသိုလ်၏အကြီးအကဲအဖြစ် ပါမောက္ခချုပ်(President) တစ်ဦးနှင့် ဒုတိယပါမောက္ခချုပ် ( Vice-President ) နှစ်ဦးထားရှိရမည်။ ပါမောက္ခချုပ် နှင့် ဒုတိယပါမောက္ခချုပ်တို့ကို တက္ကသိုလ်ကောင်စီက ရွေးချယ်မည်။ ပါမောက္ခချုပ်နှင့်ဒုတိယပါမောက္ခချုပ်တို့သည် ပြည်တွင်း၊ပြည်ပတက္ကသိုလ်တစ်ခုခုတွင် ပါမောက္ခ(ဌာနမှူး) တာဝန်ကို ထမ်းဆောင်နေသူ (သို့မဟုတ်) ထမ်းဆောင်ခဲ့ဖူးသူြဖစ်ရမည်။
(ဋ) အသိအမှတ်ပြုတက္ကသိုလ်များနှင့် တွဲဖက်တက္ကသိုလ်များ (Accredited and Affiliated Institutions)
အမျိုးသားပညာရေးဥပဒေအရ ပြဌာန်းသတ်မှတ်ထားသည့် မည့်သည့်ပြည်တွင်း၊ ပြည်ပ တက္ကသိုလ်၊ ကောလိပ်များနှင့်မဆို အသိအမှတ်ပြုတက္ကသိုလ်များ၊ တွဲဖက်ထားသည့်တက္ကသိုလ်များအဖြစ် ဆောင်ရွက်ပိုင်ခွင့်ရှိသည်။
(ဌ) တက္ကသိုလ်၏လုပ်ပိုင်ခွင့်များ (Powers of the University)
(၁) တက္ကသိုလ်၀င်ခွင့်နှင့် သင်တန်းအစီအစဥ်(Admission and Programme)
ဘာသာရပ်ဌာနများ၏ လိုအပ်ချက်၊ သတ်မှတ်ချက်များနှင့်အညီ တက္ကသိုလ်ဝင်ခွင့်ကို စီစဥ် ဆောင်ရွက်မည်။
သင်တန်းအစီအစဥ်
(၁) ဝိဇ္ဇာဘွဲ့ (BA)
(၂) သိပ္ပံဘွဲ့ (BSc)
(၃) ဥပဒေပညာဘွဲ့ (LLB)
(၄) ဝိဇ္ဇာ(ဂုဏ်ထူးဘွဲ့) BA(Hons.)
(၅) သိပ္ပံ(ဂုဏ်ထူးဘွဲ့) BSc(Hons.)
(၆) မဟာဝိဇ္ဇာဘွဲ့ (MA)
(၇) မဟာသိပ္ပံဘွဲ့ (MSc)
ဖွင့်လှစ်လိုသည့်သင်တန်းများ
(၁) ပါရဂူဘွဲ့သင်တန်းများ
(၂) ဘွဲ့လွန်ဒီပလိုမာသင်တန်းများ
(၃) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးသင်တန်းများ
(၂) သင်ကြားရေးနှင့်ပတ်သက်သော လုပ်ပိုင်ခွင့်များ
နိုင်ငံတကာနှင့်ချိတ်ဆက်နိုင်ပြီး ဒေသနှင့်လိုက်လျောညီထွေရှိမည့် သင်ရိုးညွှန်းတမ်းနှင့် သင်ရိုး မာတိကာများ ရေးဆွဲပြဌာန်းနိုင်သည်။ ပြည်တွင်းပြည်ပတက္ကသိုလ်များနှင့် ချိတ်ဆက်၍ သင်ကြားရေးနှင့် သုတေသနဆိုင်ရာများကို ပူးပေါင်းဆောင်ရွက်နိုင်သည်။ လိုအပ်သော ဆရာ၊ ဆရာမအသစ်များခန့်ထား ပိုင်ခွင့်နှင့် ၄င်းတို့အတွက်လိုအပ်သောသင်တန်းများပေးနိုင်ခွင့်၊ ရာထူးတိုးပိုင်ခွင့်၊ ပြစ်ဒဏ်ပေးပိုင်ခွင့်နှင့် တာဝန်မှရပ်နားပိုင်ခွင့်များရှိသည်။
(၃) စီမံ/ဘဏ္ဍာနှင့် ပတ်သက်သော လုပ်ပိုင်ခွင့်များ
တက္ကသိုလ်တိုးတက်ဖွံ့ဖြိုးရန်အတွက် သက်ဆိုင်ရာစည်းမျဥ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ပိုင် ခွင့်ရှိသည်။
(၄) အခြားလုပ်ပိုင်ခွင့်များ
တက္ကသိုလ်၏ တိုးတက်ရာတိုးတက်ကြောင်းအတွက် ဤပဋိညာဥ်စာတမ်းနှင့် မဆန့်ကျင်သော လုပ်ပိုင်ခွင့်များကို ပြုလုပ်ဆောင်ရွက်ခွင့်ရှိသည်။
(ဍ) ပညာရေးဆိုင်ရာ အရည်အသွေးစိစစ်အကဲဖြတ်ခြင်းနှင့် လေ့လာသုံးသပ်ခြင်း (Qualification, Evaluation and Monitoring)
ပညာရေးဆိုင်ရာအရည်အသွေးစိစစ်အကဲဖြတ်ခြင်းအတွက် ဟင်္သာတတက္ကသိုလ် အရည်အသွေး စိစစ်အကဲဖြတ်ရေးအဖွဲ့ (Internal Quality Assurance) နှင့် လေ့လာသုံးသပ်အကဲဖြတ်ခြင်းများကို စဥ်ဆက်မပြတ်ဆောင်ရွက်ပါမည်။
ပြင်ပမှအသိအမှတ်ပြုအရည်အသွေးစိစစ်အကဲဖြတ်ရေးအဖွဲ့ (External Quality Assurance) များကိုဖိတ်ခေါ်၍ လေ့လာသုံးသပ်အကဲဖြတ်ခြင်းများကို ဆောင်ရွက်ပါမည်။
(ဎ) တက္ကသိုလ်တွင်း အဖွဲ့အစည်းများ (Inter-University Organization)
(၁) ဆရာ၊ ကျောင်းသား၊ ၀န်ထမ်းအသင်းအဖွဲ့များ
ဆရာ/ကျောင်းသား/ဝန်ထမ်းအသင်းအဖွဲ့များ ဖွဲ့စည်းမည်ဆိုပါက အမည်၊ မူဝါဒ၊ ရည်ရွယ်ချက်၊ ဖွဲ့စည်းပုံ၊ အသင်း၏အမှတ်တံဆိပ်၊ အလံ၊ ဆောင်ရွက်မည့်လုပ်ငန်းများ၊ တာဝန်ဝတ္တရားများ၊ ဆောင်ရွက်မည့် အစီအစဥ်များ၊ ကိုယ်စားလှယ်လောင်းရွေးချယ်မည့်အစီအစဥ်နှင့် ပါဝင်သင့်သောအချက်များ ရေးဆွဲပြီး တက္ကသိုလ်ကောင်စီ၏ သဘောထားဖြင့် ဖွဲ့စည်းနိုင်သည်။
(၂) ပညာရပ်/ဘာသာရပ်ဆိုင်ရာအသင်းအဖွဲ့များ
ပညာရပ်/ဘာသာရပ်ဆိုင်ရာအသင်းအဖွဲ့များ ဖွဲ့စည်းမည်ဆိုပါက အမည်၊ မူဝါဒ၊ ရည်ရွယ်ချက်၊ ဖွဲ့စည်းပုံ၊ အသင်း၏အမှတ်တံဆိပ်၊ ဆောင်ရွက်မည့်လုပ်ငန်းများ၊ တာဝန်ဝတ္တရားများ၊ ဆောင်ရွက်မည့် အစီအစဥ်များနှင့် ပါဝင်သင့်သောအချက်များ ရေးဆွဲပြီး တက္ကသိုလ်ကောင်စီ၏ သဘောထားဖြင့် ဖွဲ့စည်း နိုင်သည်။
(၃) လူမှုရေးဆိုင်ရာအသင်းအဖွဲ့များ
လူမှုရေးဆိုင်ရာအသင်းအဖွဲ့များ ဖွဲ့စည်းမည်ဆိုပါက အမည်၊ မူဝါဒ၊ ရည်ရွယ်ချက်၊ ဖွဲ့စည်းပုံ၊ အသင်း၏အမှတ်တံဆိပ်၊ ဆောင်ရွက်မည့်လုပ်ငန်းများ၊ တာဝန်ဝတ္တရားများ၊ ဆောင်ရွက်မည့် အစီအစဥ် များနှင့် ပါဝင်သင့်သောအချက်များရေးဆွဲပြီး တက္ကသိုလ်ကောင်စီ၏ သဘောထားဖြင့် ဖွဲ့စည်းနိုင်သည်။
(၄) အားကစားဆိုင်ရာအသင်းအဖွဲ့များ
အားကစားဆိုင်ရာအသင်းအဖွဲ့များ ဖွဲ့စည်းမည်ဆိုပါက အမည်၊ မူဝါဒ၊ ရည်ရွယ်ချက်၊ ဖွဲ့စည်းပုံ၊ အသင်း၏အမှတ်တံဆိပ်၊ ဆောင်ရွက်မည့်လုပ်ငန်းများ၊ တာဝန်ဝတ္တရားများ၊ ဆောင်ရွက်မည့် အစီအစဥ် များနှင့် ပါဝင်သင့်သောအချက်များရေးဆွဲပြီး တက္ကသိုလ်ကောင်စီ၏ သဘောထားဖြင့် ဖွဲ့စည်းနိုင်သည်။
(၅) တိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုဆိုင်ရာအဖွဲ့အစည်းများ
တိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုဆိုင်ရာအဖွဲ့အစည်းများ ဖွဲ့စည်းမည်ဆိုပါက အမည်၊ မူဝါဒ၊ ရည်ရွယ်ချက်၊ ဖွဲ့စည်းပုံ၊ အသင်း၏အမှတ်တံဆိပ်၊ ဆောင်ရွက်မည့်လုပ်ငန်းများ၊ တာဝန်ဝတ္တရားများ၊ ဆောင်ရွက်မည့် အစီအစဥ် များနှင့် ပါဝင်သင့်သောအချက်များရေးဆွဲပြီး တက္ကသိုလ်ကောင်စီ၏ သဘောထားဖြင့် ဖွဲ့စည်းနိုင်သည်။
(ဏ) တန်းတူအခွင့်အရေး (Equal Opportunities/Rights)
တက္ကသိုလ်သည် လူတိုင်းအတွက် တန်းတူညီမျှသော ပညာရေးအခွင့်အလမ်းများကို ပေးရမည်။ ကျောင်းသားများအား ကျောင်းဝင်ခွင့်လက်ခံခြင်း၊ ဝန်ထမ်းများခန့်ထားခြင်းနှင့် ရာထူးတိုးမြှင့်ခြင်း၊ ဒီဂရီ ဒီပလိုမာ အောင်လက်မှတ်များ အပ်နှင်းခြင်းများအပြင် ယေဘုယျအားဖြင့် ပဋိဥာဥ်စာတမ်းတွင် ဖော်ပြထားသော မည်သည့်ရည်မှန်းချက်ကိုမဆို အကောင်အထည်ဖော် လုပ်ဆောင်ရာတွင် နိုင်ငံရေး ယုံကြည်ချက်၊ အသက်အရွယ်၊ အသားအရောင်၊ ကိုယ်လက်အင်္ဂါမသန်စွမ်းဖြစ်မှု၊ မူလမျိုးနွယ်စုနှင့်နိုင်ငံ၊ ကျား/မ ခွဲခြားမှု၊ အိမ်ထောင်ရှိမှု၊ မရှိမှု၊ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ စသည့် အချက်များအပေါ်တွင် အခြေခံ၍ ခွဲခြား ဆက်ဆံမှုမပြုရ။
(တ) သုတေသန (Research)
(၁) ဘာသာရပ်အလိုက် သုတေသနဦးစီးကော်မတီများဖွဲ့စည်းပါမည်။
(၂) Research Centre တစ်ခုတည်ထောင်ပါမည်။
(၃) သုတေသနရန်ပုံငွေလုံလောက်စွာရှိအောင်ဆောင်ရွက်ပါမည်။
(၄) သုတေသနလုပ်ငန်းများနှင့်ပတ်သက်၍ ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များထံမှ ငွေကြေးနှင့်ပစ္စည်းများကို နိုင်ငံတော်၏ လုံခြုံရေး နှင့် အကျိုးစီးပွားကိုမထိခိုက်ပါက လက်ခံခွင့် ပြုမည်။
(၅) သုတေသနပြုလုပ်ရာတွင် ဤတက္ကသိုလ်၏ ပဋိညာဥ်နှင့်အညီ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများနှင့် လွတ်လပ်စွာဆောင်ရွက်ခွင့် ရှိစေရမည်။
(၆) သုတေသနတွေ့ရှိချက်များကို လွှဲပြောင်းခြင်း၊ လက်တွေ့အသုံးချခြင်းတို့ကို သက်ဆိုင်ရာ ဘာသာရပ်ပါမောက္ခ၏ခွင့်ပြုချက်ဖြင့် ပြုလုပ်နိုင်သည်။
(၇) သုတေသနဆောင်ရွက်ရာမှ လက်တွေ့ရရှိလာသည့် အကျိုးကျေးဇူးများကို စီးပွားဖြစ် လုပ်ဆောင်နိုင်ရန် စျေးကွက်ရှာခွင့်ပြုသည်။ ရရှိသောငွေကြေး စသည်တို့ကို သုတေသန ပြုလုပ်သူနှင့် သက်ဆိုင်ရာတက္ကသိုလ်တို့မှ အချိုးကျခွဲဝေခံစားခွင့် ရရှိပါမည်။
(၈) သုတေသနအဆင့်အတန်းကို သုတေသနစံနှုန်းအကဲဖြတ်သောအဖွဲ့ (Research Assessment Exercise (RAE) နှင့် အကဲဖြတ်မည်။
(ထ) ပြည်တွင်း၊ ပြည်ပ မှ အခြားတက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း
အမျိုးသားပညာရေးဥပဒေအရ ပြဌာန်းသတ်မှတ်ထားသည့် မည့်သည့်ပြည်တွင်း၊ ပြည်ပ တက္ကသိုလ်၊ ကောလိပ်များနှင့်မဆို၊ သင်ကြားရေးနှင့် သုတေသနလုပ်ငန်းများကို လွတ်လပ်စွာပူးပေါင်း ဆောင်ရွက်ပိုင်ခွင့်ရှိသည်။
(ဒ) ညွှန်ကြားချက်များ၊ စည်းမျဥ်းစည်းကမ်းများထုတ်ပြန်ခြင်း
တက္ကသိုလ်ကောင်စီသည် ညွှန်ကြားချက်များ၊ စည်းမျဥ်းစည်းကမ်းများနှင့် နည်းဥပဒေများကို၊ တက္ကသိုလ် အတွက် အလျဥ်းသင့်သလို ပြဌာန်းနိုင်သည်။
(၁) ၄င်းတို့သည် ပဋိညာဥ်စာတမ်းနှင့် ပြဌာန်းချက်များကို အကျိုးသက်ရောက်စေရမည်။
(၂) ပါဝင်ဖွဲ့စည်းထားသောအစိတ်အပိုင်းများနှင့် အဖွဲ့ဝင်များအပါအဝင် တက္ကသိုလ်၏အကျိုး စီးပွားနှင့် လုပ်ငန်းကိစ္စရပ်များကို စနစ်တကျထိန်းသိမ်းကွပ်ကဲနိုင်စေရမည်။
(၃) တက္ကသိုလ်၏ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် အရာရှိများ၊ အဖွဲ့ဝင်များ၏ အဆင့်အတန်း၊ ၄င်းတို့ကိုခန့်အပ်ခြင်း၊ ရာထူးမှဖယ်ရှားခြင်းကို စည်းမျဥ်းစည်းကမ်းနှင့် အညီ ကွပ်ကဲဆောင်ရွက်နိုင်စေရမည်။
(၄) ဟင်္သာတ တက္ကသိုလ်၏ ရည်မှန်းချက်များကို မြှင့်တင်ပေးနိုင်စေရမည်။
တက္ကသိုလ်၏ဥပဒေများမှာ မိမိ တက္ကသိုလ်၏ ပဋိညာဥ်စာတမ်းတွင် စီစဥ်ရေးဆွဲထားသည့် ဥပဒေ များဖြစ်ရမည်။ ၄င်းဥပဒေများသည် တရားဝင်ဖြစ်ကြောင်းနှင့် ပဋိညာဥ်စာတမ်းအပိုဒ်ခွဲ၏ အာဏာသက် ရောက်မှုရှိကြောင်း အသိပေးကြေညာအပ်ပါသည်။
နည်းဥပဒေများသည် ထိုဥပဒေများကို ဖြည့်စွက်ရေးခြင်း၊ ပြင်ဆင်ချက်ထုတ်ခြင်း၊ ပြောင်းလဲခြင်း (သို့မဟုတ်) ရုတ်သိမ်းခြင်းလုပ်ငန်းစဥ်ကို ပြဋ္ဌာန်းသတ်မှတ်နိုင်သည်။ ဥပဒေပြုအခွင့်အာဏာကို တည်ဆဲ ဥပဒေများ၊ နောက်ဆက်တွဲဥပဒေများ၊ ယင်းနှင့်ဆက်စပ်ပတ်သက်သော အကြောင်းအရာများကို ကိုးကား၍ ကန့်သတ်ချုပ်ချယ်ခြင်းမပြုစေရ။
ဟင်္သာတတက္ကသိုလ်၏ စည်းမျဥ်းများနှင့် ဟင်္သာတတက္ကသိုလ် စီမံအုပ်ချုပ်မှု လက်စွဲစာအုပ်တို့တွင် အောက်ပါတို့ကို အသေးစိတ် ဖော်ပြရန်ြဖစ်ပါသည်။
(က) တက္ကသိုလ်ကောင်စီ၊ တက္ကသိုလ်ပညာရေးအဖွဲ့နှင့် မဟာဌာနများ၊ သင်ကြားရေးအဖွဲ့များ (Boards of Studies)၊ သုတေသနဌာနများ၊ စာစစ်အဖွဲ့များ၊ ကော်မတီအသီးသီး၊ ကျောင်းသားကိုယ်စားလှယ်၊ ကျောင်းသားဟောင်းများအသင်းတို့၏ ဖွဲ့စည်းတည်ထောင်ပုံ၊ လုပ်ငန်းတာဝန်၊ ရာထူးတာဝန်၊ သက်တမ်းကာလများ၊ ရွေးကောက်တင်မြှောက်မှု လုပ်ထုံး လုပ်နည်းများ၊ အစည်းအဝေးကျင်းပခြင်း၊ ဆုံးဖြတ်ချက်များချမှတ်ခြင်း၊ အစည်းအဝေး မှတ်တမ်းများ ပြုစုထားရှိခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ပုံစံများ
(ခ) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ တက္ကသိုလ်ကောင်စီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ တက္ကသိုလ်အရာထမ်းအမှုထမ်း အဆင့်အသီးသီး၏ တာဝန်များနှင့်လုပ်ပိုင်ခွင့်များ
(ဂ) ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများခန့်အပ်ခြင်း၊ လုပ်ငန်းဆောင်ရွက်မှု အကဲဖြတ်ခြင်း၊ လစာသတ်မှတ်ခြင်းနှင့် ပြင်ဆင်ပြောင်းလဲခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ ရာထူးမှခေတ္တဆိုင်းငံ့ခြင်း၊ ရာထူးမှထုတ်ပယ်ခြင်း၊ အငြိမ်းစားယူခြင်း၊ အငြိမ်းစားပေးခြင်းဆိုင်ရာ စည်းမျဥ်းများနှင့် လုပ်ထုံးလုပ်နည်းများ
(ဃ) တက္ကသိုလ်ဝင်ခွင့်၊ အရည်အချင်းစစ်ဆေးခြင်း၊ ကွင်းဆင်းခြင်း၊ လက်တွေ့လေ့လာခြင်းနှင့် စစ်ဆေးခြင်း၊ အမှတ်ပေးစနစ်၊ ဘွဲ့နှင့်အောင်လက်မှတ်အပ်နှင်ခြင်း၊ တက္ကသိုလ်၏ဘွဲ့နှင့် အောင်လက်မှတ်၊ အမှတ်စာရင်းထောက်ခံစာများထုတ်ပေးခြင်းဆိုင်ရာ စည်းမျဥ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့် ကောက်ခံမည့်အခကြေးငွေများသတ်မှတ်ခြင်း
(င) ပြည်တွင်းပြည်ပ တက္ကသိုလ်များ၊ အဖွဲ့အစည်းများနှင့် ပညာရေးဆိုင်ရာ ဖလှယ်ရေးအစီအစဥ် များဆောင်ရွက်ခြင်း၊ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း၊ သဘောတူစာချုပ် လက်မှတ် ရေးထိုးခြင်းများ
(ဓ) ဘဏ္ဍာရေး (Finance/Accounts/Audit)
ဘဏ္ဍာငွေရရှိမှုတွင် အစိုးရအထောက်အပံ့ အဓိကပါဝင်သည်။
ပြည်တွင်း၊ ပြည်ပတရားဝင်အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ၊ စေတနာရှင်များ ၏ အထောက်အပံ့(သို့မဟုတ်)အလှူငွေကို ရရှိရန်ဆောင်ရွက်ပါမည်။
မိမိတက္ကသိုလ်အတွက် လိုအပ်သော ပညာရေးအသုံးစရိတ်များကို အထက်အဖွဲ့အစည်းများသို့ စိစစ်တင်ပြတောင်းခံခြင်း ပြုလုပ်ပါမည်။
ပညာရေးကဏ္ဍအတွက်ငွေကြေးနှင့် အထောက်အပံ့များရရှိရန် ပြည်ထောင်စုအဆင့်ဌာနများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ပါမည်။
နိုင်ငံပိုင်တက္ကသိုလ်များသည် ကိုယ်ပိုင်ရန်ပုံငွေရှာဖွေထူထောင်ဆောင်ရွက်ပါမည်။
ပြည်ထောင်စုစာရင်းချုပ်ရုံး၏ တာဝန်ပေးထားသော စာရင်းစစ်အဖွဲ့အဆင့်ဆင့်၏ စစ်ဆေးမှုကို ခံယူပါမည်။
ဘဏ္ဍာရေးအရင်းအမြစ်များကို ထိရောက်စွာ စီမံခန့်ခွဲသုံးစွဲနိုင်ရန်အတွက် စီမံဆောင်ရွက်ပါမည်။ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များ၊ အစိုးရမဟုတ်သောအခြားအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ၏ ထောက်ပံ့ငွေနှင့်အလှူငွေကိုလက်ခံပါမည်။ ရေရှည်တွင် မိမိဘဏ္ဍာငွေဖြင့် ရပ်တည်နိုင်ရေးအတွက် ရန်ပုံငွေရှာဖွေသုံးစွဲခွင့်နှင့် ရန်ပုံငွေကိုတိုးပွားအောင်ဆောင်ရွက်မည်။
(န) ပဋိညာဥ်စာတမ်းကို ပြင်ဆင်ခြင်း(Amendments to the Charter)
တက္ကသိုလ်ကောင်စီသည် ဤပဋိညာဥ်စာတမ်းနှင့် ၄င်း၏ပြဋ္ဌာန်းချက်များကို တက္ကသိုလ် ပညာရေးအဖွဲ့နှင့် တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့တို့မှ အကြံပြုချက်များကို ရယူပြီးနောက် ဥပဒေများနှင့်အညီ အထူးဆုံးဖြတ်အတည်ပြုချက်ဖြင့် ပြောင်းလဲခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများကို အစည်းအဝေး ခေါ်ယူပြီး အတည်ပြုဆုံးဖြတ်မည်ဖြစ်ပါသည်။